လူမှုရေးနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး

ကျောင်းပြင်ပရောက်ကလေးသူငယ်များအတွက် စဉ်ဆက်မပြတ်တိုးချဲ့ပညာသင်ယူခြင်းအစီအစဉ်

ကျောင်းပြင်ပရောက် ကလေးသူငယ်များအတွက် စဉ်ဆက်မပြတ် တိုးချဲ့ပညာသင်ယူခြင်းအစီ အစဉ် (Extended and Continuous Education and Learning for out of school children – EXCEL)ကို ကျောင်းပြင်ပပညာရေးလုပ်ငန်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် ၂၀၀၇ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့သည်။

ကျောင်းပြင်ပရောက် ကလေးလူငယ်များအတွက် လိုအပ်ချက်တစ်ရပ်ကို ဖြည့်ဆည်းပေးသည့် အနေဖြင့် ပညာရေးဝန်ကြီးဌာန၊ ယူနီဆက်နှင့် အန်ဂျီအိုများ ပူးပေါင်း၍ EXCEL ပရောဂျက် ပေါ်ထွက် လာရသည်။  EXCEL သည် ၁၉၉၈ ခုနှစ်တွင် စာသင်ကျောင်းများ၌  School-based Healthy Living and HIV/AIDS Prevention Education (SHAPE) ပရောဂျက်အဖြစ် မူလတန်းကျောင်းများတွင် စတင်ခဲ့သည်။ ထို့နောက်တွင် အလယ်တန်းနှင့် အထက်တန်းဆင့်များတွင် ဆက်လက်သင်ကြားခဲ့သည်။

၂၀၀၂ ခုနှစ်တွင်မှ ကျောင်းပြင်ပရောက် ကလေးလူငယ်များအတွက် သင်ကြားရေးကို ပြင်ဆင် ဆောင်ရွက်ရန် အစပျိုးခဲ့သည်။ ယူနီဆက်အဖွဲ့သည် EXCEL Programme ကို ၂၀၀၃ ခုနှစ်တွင် သင်းဖွဲ့ မှတ်ပုံတင်ရရှိထားသည့် အန်ဂျီအိုများနှင့် စတင်ဆောင်ရွက်ခဲ့သည်။ MLRC သည် ၂၀၀၇ ခုနှစ်တွင် EXCEL Programme ကို စတင်ပါဝင်ဆောင်ရွက်ခဲ့သည်။

ဘာကြောင့်ဒီစီမံကိန်းကိုလုပ်ရသလဲ

ယနေ့ခေတ်ကာလ အခြေအနေသည် လွန်စွာတိုးတက်ပြောင်းလဲ နေပြီဖြစ်ပါသည်။ လျင်မြန်စွာ ပြောင်းလဲလာသော ခေတ်အခြေအနေများကြောင့် လူငယ်များသည် သူတို့၏ ပတ်ဝန်းကျင်တွင် အခြေအနေ အမျိုးမျိုး၊ ပြဿနာ အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေကြရပါသည်။

ထိုအခြေအနေမျိုးနှင့် ပြဿနာအခက်အခဲအမျိုးမျိုးတို့ကို အောင်မြင်စွာ ရင်ဆိုင်ဖြေရှင်းနိုင်မည့် လိုအပ်သော ကျွမ်းကျင်မှုများရရှိစေရန် အခြေခံပညာကျောင်းများရှိ ကျောင်းသားလူငယ်များအား ဘဝတွက် တာ ကျွမ်းကျင်စရာ ပညာပေးသင်ခန်းစာများ သင်ကြားခြင့်ဖြင့် လေ့ကျင့်ပေးလျက်ရှိပါသည်။

ထို့အတူ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်နေသော  လူငယ်များကိုလည်း ထို ကျွမ်းကျင်မှုများ ရရှိအောင် လေ့ကျင့်ပေးရန် လိုအပ်သဖြင့် ရပ်ရွာအခြေပြု စဉ်ဆက်မပြတ် တိုးချဲ့ပညာ သင်ယူခြင်းလုပ်ငန်း အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါသည်။

ရရှိလာမည့် လူမှုရေးဆိုင်ရာအရည်အသွေးများ

  • အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်တတ်ရန်၊
  • အဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်ရာတွင် အခြားသူများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုတတ်ရန်၊
  • မိတ်ဆွေသူငယ်ချင်းများထဲမှ မျှော်လင့်ချက်များကို ဖော်ထုတ်တတ်ရန်၊
  • အယုံကြည်ခံရမှုကို နားလည်ခံစားတတ်ရန်၊
  • တစ်စုံတစ်ယောက်အတွက် တာဝန်ရှိသည်ဆိုသည်ကို နားလည် ခံစားတတ်ရန်၊

လုပ်ငန်းဆောင်ရွက်မှု

MLRC သည် ၂၀၀၇ ခုနှစ်မှ စတင်၍ ယူနီဆက်၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် EXCEL Project ကို ဆောင်ရွက်ခဲ့ရာ ၂၀၁၅ ခုနှစ်အထိ မြို့နယ်ပေါင်း ၁၂  မြို့နယ်တွင် ကျောင်းပြင်ပရောက် ကလေးလူငယ်  ၂၁၆၂၁ ဦးကို သင်တန်းများ ပို့ချပေးနိုင်ခဲ့သည်။

၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ဂျပန်နိုင်ငံ Shanti Volunteer Association အဖွဲ့၏ ရန်ပုံငွေ ထောက်ပံ့မှုဖြင့် မြို့နယ် ၂ မြို့နယ်တွင် ကျောင်းပြင်ပရောက် ကလေးလူငယ် ၂၉၀ ဦးကို သင်တန်းများ ပို့ချပေးခဲ့သည်။

၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဂျပန်နိုင်ငံ NFUAJ အဖွဲ့၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် မြို့နယ် ၄ မြို့နယ်တွင် ကျောင်းပြင်ပရောက် ကလေးလူငယ် ၁၄၄၀ ဦးကို သင်တန်းပို့ချပေးနိုင်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄ မြို့နယ်တွင် NFUAJ အဖွဲ့၏ ရန်ပုံငွေ ထောက်ပံ့မှုဖြင့် သင်တန်းများ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

ရပ်ရွာပညာပဒေသာဌာန

၁၉၉၀ ပြည့်နှစ် ထိုင်းနိုင်ငံ၊ ဂျွန်တီယမ်မြို့(Jomtien)တွင် ကျင်းပသည့် “လူတိုင်းအတွက်ပညာ ရေး” ကမ္ဘာ့ညီလာခံ၏ ရည်မှန်းချက် အမှတ်စဉ်(၃)တွင် “လူတိုင်းအတွက် ၎င်း၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင် ရာ စဉ်ဆက်ပညာရေးလုပ်ငန်းများ ချမှတ်ဆောင်ရွက်ရန်”ဟူ၍ ဖော်ပြထားသည်။

အာရှဒေသဆိုင်ရာ ယူနက်စကိုအဖွဲ့၏ “ရပ်ရွာပညာပဒေသာဌာနသည် ကျောင်းပညာရေးစနစ်၏ အပြင်ဘက်တွင် ဒေသခံပြည်သူများကိုယ်တိုင် စီမံအုပ်ချုပ်သည့် ပညာသင်ဌာနဖြစ်သည်။ ဒေသဖွံ့ဖြိုးရေးနှင့် အိမ်ထောင်စုအခြေပြု သင်ယူခြင်းအတွက် ရင်းမြစ်ဌာနအဖြစ် လည်းကောင်း၊ ဒေသအလိုက် စဉ်ဆက်မပြတ် သင်ယူနေသည့် လူ့အဖွဲ့အစည်းငယ်များ ဖြစ်ထွန်းလာစေဖို့ သတင်းအချက်အလက်များ ဖြန့်ဖြူးရန်အတွက် ရင်းမြစ်ဌာနအဖြစ် လည်းကောင်း တာဝန်ယူ အကောင်အထည်ဖော်ရသည့် ကျေးလက်ဌာနတစ်ခုဖြစ်သည်” ဟူသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်အညီ ရပ်ရွာပညာပဒေသာဌာနများကို အကောင်အထည်ဖော်ဖွင့်လှစ်ခဲ့သည်။

ရည်ရွယ်ချက်

၁။ ရပ်သူရွာသားအားလုံး သင်ယူမှုအခွင့်အလမ်းများ ရရှိစေရန်၊

၂။ ရပ်သူရွာသားတို့အား အထောက်အကူပြုမည့် လိုအပ်သော သတင်းအချက်အလက်များ ရယူ နိုင်စေရန်၊

၃။ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊

၄။ ဖွံ့ဖြိုးမှုအတွက် ထောက်ပံ့နိုင်သည့် အဖွဲ့အစည်းဌာနများနှင့် ရပ်ရွာသားများ ပူးပေါင်းဆောင် ရွက်မှု ရရှိစေရန်၊

လုပ်ငန်းဆောင်ရွက်မှု

MLRC က ၂၀၁၄ ခုနှစ်တွင် Shanti Volunteer Association ၏ ရန်ပုံငွေပံ့ပိုးကူညီမှုဖြင့် ပဲခူးတိုင်း ဒေသကြီး၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာတွင် ရပ်ရွာပညာပဒေသာဌာန တစ်ခုစီ ဖွင့်လှစ်၍ ရပ် သူရွာသားများ၏ ဘဝတစ်သက်တာသင်ယူမှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။