ကျောင်းပြင်ပအလယ်တန်းပညာရေးအစီအစဉ်

ရည်ရွယ်ချက်

အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာအလယ်တန်းဆင့် ပြီးမြောက်အောင် ပညာမသင်ယူနိုင် သော လူငယ်များအား အခြေခံသက်မွေးဝမ်းကျောင်းပညာရေး အပါအဝင် အခြေခံပညာအလယ်တန်းဆင့်ကို အခြားသော နည်းလမ်းတစ်သွယ်ဖြင့် သင်ကြားပေးရန် ဖြစ်ပါသည်။

သဘောသဘာဝ

ကျောင်းပြင်ပအလယ်တန်းပညာရေး အစီအစဉ်သည် အခြေခံပညာအလယ်တန်းဆင့်ကို သုံးနှစ် အတွင်း ပြီးမြောက်အောင် ဆောင်ရွက်ပေးသော အစီအစဉ်ဖြစ်သည်။ ပညာသင်နှစ်တစ်နှစ်တွင် ကာလပိုင်းနှစ် ခုရှိသဖြင့် သုံးနှစ်အတွင်း ကာလပိုင်း ၆ ခု ရှိသည်။

ကျောင်းပြင်ပအလယ်တန်းပညာရေး အစီအစဉ်သည် တန်းညှိပညာရေး အစီအစဉ်ဖြစ်ပြီး စာပေ ဘာသာရပ်နှင့် အခြေခံသက်မွေးဝမ်းကျောင်း ဘာသာရပ်များကို စာပေဘာသာရပ်နှင့် ဆက်သွယ်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုဘာသာစု၊ အခြေခံသက်မွေးဘာသာစု၊ ဘဝအရည်အသွေးတိုးတက်မှုဘာသာစု၊ လူမှုဝန်းကျင်နှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်မှုဘာသာစုဟူ၍ ဘာသာစု လေးခု ခွဲခြားထားပါသည်။

ပညာသင်နှစ်အတွင်း ကာလပိုင်းတစ်ခုမတိုင်မီ ဘာသာရပ်ခေါင်းဆောင်များနှင့် ကျွမ်းကျင်ပညာ ရှင်များက သင်ရိုးညွှန််းတမ်းနှင့် သင်တန်းလမ်းညွှန်စာအုပ်များကို မွမ်းမံပြင်ဆင်ပါသည်။

အရည်အသွေးအာမခံချက်

၂၀၁၉ ခုနှစ် အစောပိုင်းတွင် မြန်မာနိုင်ငံစာတတ်မြောက်ရေးအထောက်အကူပြုပင်မဌာနသည် ERD Ltd – Poland and Synergia Consulting – Myanmar အဖွဲ့နှင့် ပူးပေါင်း၍ ကျောင်းပြင်ပအလယ်တန်း ပညာရေးအစီအစဉ် လေ့လာဆန်းစစ်မှုကို ဆောင်ရွက်ခဲ့သည်။ ၎င်းတို့၏ အစီရင်ခံစာအရ ကျောင်းပြင်ပ အလယ်တန်းပညာရေးအစီအစဉ်သည် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၁၆ – ၂၀၂၁)၏ ရည်မှန်း ချက်နှင့် ကိုက်ညီ၍ ကျေနပ်ဖွယ်ရာရှိကြောင်း အတည်ပြုဖော်ပြခဲ့ပါသည်။ ၎င်းအပြင် ကျောင်းပြင်ပအလယ် တန်းပညာရေး အစီအစဉ်သည် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ပြီး အလျော့အတင်းရှိ၍ ပြုလွယ်ပြင် လွယ်ရှိကြောင်း ဖော်ပြထားသည်။

အကဲဖြတ်သည့်စနစ်

ကျောင်းပြင်ပအလယ်တန်းပညာရေး အစီအစဉ်တွင် အလယ်တန်းဆင့် ပြီးမြောက်မှုဆန်းစစ်ခြင်း အတွက် တရားဝင်အသိအမှတ်ပြုခြင်းနှင့် စပ်လျဉ်း၍ ခရက်ဒစ်စနစ်ကို ကျင့်သုံးသည်။ ခရက်ဒစ်စနစ်သည် တီထွင်ဆန်းသစ်မှုတစ်ခုဖြစ်ပြီး အခြေခံပညာကဏ္ဍ၌ပင် အသုံးမပြုသေးသော စနစ်ဖြစ်သည်။ ကျောင်းပြင်ပ အလယ်တန််းပညာရေး၏ အရည်အသွေးအာမခံမှုကို ရရှိရန် ဆောင်ရွက်ခြင်းဖြစ်သည်။

ကျောင်းပြင်ပအလယ်တန်းပညာရေး အကောင်အထည်ဖော်ဆောင်ရာ မြို့နယ်များတွင် တရားဝင် အသိအမှတ်ပြုကော်မတီကို ဖွဲ့စည်းထားရာ မြို့နယ်ပညာရေးမှူးက ဥက္ကဋ္ဌ၊ ဒုတိယ သို့မဟုတ် လက်ထောက် မြို့နယ်ပညာရေးမှူးတစ်ဦးက အတွင်းရေးမှူး၊ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း အုပ်ကြီးတစ်ဦးစီနှင့် မြို့နယ်ကြီးကြပ်ရေးမှူးတို့က ကော်မတီအဖွဲ့ဝင်များအဖြစ် ပါဝင်ကြသည်။

လုပ်ငန်းဆောင်ရွက်မှု

ကျောင်းပြင်ပအလယ်တန်းပညာရေးအစီအစဉ်ကို ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ပညာရေးဝန် ကြီးဌာန၊ ယူနီဆက်၊ ယူနက်စကို၊ ထိုင်းနိုင်ငံအခြေစိုက် နယ်စည်းမခြားအဖွဲ့နှင့် ပြည်တွင်းအလှူရှင်များ ပူးပေါင်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ် ၇ ခုမှ မြို့နယ် ၈ မြို့နယ်တွင် အခြေစိုက်စခန်း ၁၄ ခု ဖွင့်လှစ်၍ ကျောင်းသားကျောင်းသူ ၁၉၀ ဦးကို ဆရာဆရာမ ၄၂ ဦးက သင်ကြားပို့ချပေးခဲ့သည်။ ယခုအခါ ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ဒုတိယအကြိမ် စမ်းသပ်ဆောင်ရွက်မှုအဖြစ် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

ရလဒ်ကောင်းများ

၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ကျောင်းပြင်ပအလယ်တန်းပညာရေး ရှေ့ပြေးစမ်းသပ်မှု သုံးနှစ် တာကာလတွင် ကျောင်းသားကျောင်းသူ ၁၇၆ ဦး ကျောင်းပြင်ပအလယ်တန်းပညာရေး ပြီးမြောက်ကြသည်။ ၎င်းတို့အနက် ၁၀၃ ဦးသည် အခြေခံပညာအထက်တန်းကျောင်းနှင့် စက်မှုလက်မှုအထက်တန်းကျောင်းများသို့ တက်ရောက်လျက်ရှိကြသည်။ ၁၂ ဦးမှာ သီလရှင်များဖြစ်ကြပြီး ၁၈ ဦးမှာ သက်မွေးဝမ်းကျောင်းပညာ သင်တန်းများသို့ တက်ရောက်လျက်ရှိကြသည်။ ကျန်ရှိသော ကျောင်းသားများမှာ သင့်လျော်ရာ ပြင်ပအလုပ် အကိုင်များတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိကြသည်။

ရှေ့ဆက်လုပ်ငန်းများ

ယခုအခါ ကျောင်းပြင်ပအလယ်တန်းပညာရေး အစီအစဉ်နှင့် စပ်လျဉ်း၍ e.Learning စာသင်ခန်း များ ဆောင်ရွက်နိုင်ရန် အစပျိုးစမ်းသပ်လျက်ရှိသည်။ အိမ်အခြေပြု အဝေးရောက်သင်ယူမှု အစီအစဉ် ဖြစ်ထွန်းအောင် ကြိုးစားလျက်ရှိသည်။ ဆရာဆရာမများအား e.Learning ဆိုင်ရာ မဟာဗျူဟာနှင့် နည်းပ ညာများကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ e.Learning အစီအစဉ်ကို စမ်းသပ်ဆောင်ရွက်ရာတွင် ကွန်ပျူတာ၊ တက်ဘလက်၊ အင်တာနက် စသော လိုအပ်သည့် ဆက်စပ်ပစ္စည်းများ လုံလောက်အောင် ထောက်ပံ့ပေးနိုင်ရေးအတွက် ရန်ပုံငွေ အလုံအ လောက်မရှိခြင်း၊ အသက်မွေးဝမ်းကျောင်း ဘာသာရပ်များကို သင်ကြားပေးနိုင်မည့် အရည်အချင်းပြည့်ဝသော ဆရာဆရာမများ ရရှိရန် ခက်ခဲခြင်းဟူသော စိန်ခေါ်မှုများရှိနေသေးသည်။