ကျောင်းပြင်ပမူလတန်းပညာရေးအစီအစဉ်

မျှော်မှန်းချက်

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းလုံးဝမနေခဲ့ရသူနှင့် မူလတန်းပညာမပြီးဆုံးမီ ကျောင်း ထွက်စောခဲ့သူ အသက် ၁၀ နှစ် မှ ၁၄ နှစ် သက်ငယ်အုပ်စုဝင် ကလေးများအား ပညာရေးအခွင့်အလမ်း ဒုတိယအကြိမ် ထပ်မံပေးခြင်းဖြင့် မူလတန်းအဆင့်ပညာရေး သင်ယူပြီးမြောက်သူဦးရေ တိုးတက်လာကာ လူတိုင်းအတွက်ပညာရေး၏ ပန်းတိုင်များဆီသို့ ရောက်ရှိရန် မျှော်မှန်းပါသည်။

အစီအမံနှင့် ရည်ရွယ်ချက်များ

ကျောင်းပြင်ပပညာရေးစနစ် အကောင်အထည်ဖော်ရာတွင် ပြုလွယ်ပြင်လွယ်သော ဗျူဟာကို ချမှတ်ကျင့်သုံးပါသည်။ ၁၉၉၀ ပြည့်နှစ် အစောပိုင်းကာလများက ကျင့်သုံးခဲ့သော ဆန်းသစ်သောပုံစံဖြစ်သည့် ကျောင်း၊ ဆရာ၊ သင်ပြနည်းများနှင့် အထောက်အကူပြုပစ္စည်းများ ပံ့ပိုးကူညီခြင်းဖြင့် ပညာရေးအတွက် ရင်းနှီးမြှုပ်နှံသည့် စနစ်ကို အခြေခံပါသည်။ ကျောင်းပြင်ပမူလတန််းနှင့် အလယ်တန်းပညာရေးအစီအစဉ်များ ကို အကောင်အထည်ဖော်ရာတွင် “ကျောင်းသို့ မလာရောက်နိုင်သော ကလေးများအတွက် ကျောင်းကို ကလေးများထံသို့ အရောက်ပို့ဆောင်ပေးသောစနစ်” ကိုကျင့်သုံးပါသည်။

သဘောသဘာဝ

ကျောင်းပြင်ပမူလတန်းပညာရေး အစီအစဉ်သည် (၂)နှစ်တာ အစီအစဉ်ဖြစ်ပြီး အခြေခံကျွမ်းကျင် မှုများအရ ကျောင်းစနစ်မူလတန်းပညာရေးနှင့် တန်းညှိနိုင်သည်။

သင်ရိုးညွှန်းတမ်းကို ကျစ်လစ်သိပ်သည်းအောင်နှင့် ဆီလျော်အောင် စီစဉ်ထားသည်။

သင်ရိုးညွှန်းတမ်းသည် အကြောင်းအရာအချက်အလက်များကို အသုံးပြု၍ ပြဿနာဖြေရှင်းနိုင် စွမ်းကို အလေးပေးသည့် ကျွမ်းကျင်မှု အခြေပြုသင်ရိုးညွှန်းတမ်းဖြစ်သည်။

အကောင်အထည်ဖော်ဆောင်ရွက်မှု

ကျောင်းပြင်ပမူလတန်းပညာရေး အစီအစဉ်သည် အခြေခံပညာမူလတန်းအဆင့်ကို (၂)နှစ် အတွင်း ပြီးမြောက်အောင် ဆောင်ရွက်ပေးသော အစီအစဉ်ဖြစ်သည်။ ပထမအဆင့် Level (I) နှင့် ဒုတိယအဆင့် Level (II) ဟူ၍ သတ်မှတ်ထားသည်။ ကျောင်းပြင်ပမူလတန်းပညာရေးအစီအစဉ်ကို ၂၀၀၈ ခုနှစ်မှစ၍ ပညာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်)တို့ ပူးပေါင်း ဆောင် ရွက်ခဲ့ရာမှ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းပညာရေးစေတနာရှင် အလှူရှင်များ ပါဝင်ပူပေါင်း ကူညီထောက်ပံ့လာကြသည်။

ကျောင်းပြင်ပမူလတန်းပညာရေး အစီအစဉ်ကို အရည်အသွေးအာမခံချက် ရရှိစေရန်အတွက် မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြုပင်မဌာနသည် ယူနီဆက်၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် ကျောင်းပြင်ပမူလတန်းပညာရေး စံထားစစ်ဆေးလွှာ (Standardized test) ကို ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးစိတ်ပညာဌာနမှ ကျွမ်းကျင်ပညာရှင်များ၏ အကူအညီဖြင့် တည်ဆောက်၍ ၂၀၁၄ – ၂၀၁၅ ပညာသင်နှစ်တွင် စတင်စစ်ဆေးခဲ့သည်။ ကျောင်းပြင်ပမူလတန်းပညာရေး အစီအစဉ်၏ ခိုင်လုံသော ရလဒ် ကောင်းအနေဖြင့် ဖော်ပြရလျှင် ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းပြင်ပမူလတန်းပညာရေး ပြီးမြောက်သော ကလေးဦးရေ၏ ၄၈ ရာခိုင်နှုန်းသည် အခြေခံပညာအလယ်တန်းအဆင့်သို့ တက်ရောက် နိုင်ကြကြောင်း တွေ့ရှိရသည်။

၂၀၁၁ ခုနှစ်မှစ၍ ကျောင်းပြင်ပမူလတန်းပညာရေး အစီအစဉ်ကို မြန်မာနိုင်ငံအတွင်း မြို့နယ် များစွာ တိုးချဲ့ဆောင်ရွက်ခဲ့ရာ အများဆုံးအနေဖြင့် မြန်မာ၊ ထိုင်း နယ်စပ် မဲဆောက်မြို့အပါအဝင် ၁၀၄ မြို့နယ်အထိ ဆောင်ရွက်ခဲ့သည်။

ကျောင်းပြင်ပမူလတန်းပညာရေး အစီအစဉ်ကို ဆောင်ရွက်ရာတွင် UNICEF, UNESCO, World Education, Shanti Volunteer Association နှင့် ပြည်တွင်း ပညာရေးစေတနာရှင် အလှူရှင်များ၏ ကူညီ ပံ့ပိုးမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြုပင်မဌာန အနေဖြင့် ယူနက်စကိုအဖွဲ့နှင့် ပြည်တွင်းအလှူရှင်ကြီးများ အကူအညီဖြင့် မြို့နယ် ၉ မြို့နယ်တွင် ကလေး ၉၀ဝ ကျော်အတွက် ဆောင်ရွက်ခဲ့ရာ ဆရာဆရာမ ၆၈ ဦး ၊ မြို့နယ်ကြီးကြပ်ရေးမှူး ၁၂ ဦးနှင့် တိုင်းဒေသကြီး ကြီးကြပ်ရေးမှူး ၂ ဦးတို့က သင်ကြားကြီးကြပ်ပေးသည်။

၂၀ဝ၉ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ကျောင်းပပြင်ပမူလတန်းပညာရေး ပြီးမြောက် အောင်မြင် သူများအနက် ၉၉၃၃ ဦးသည် အခြေခံပညာအလယ်တန်းသို့ ကူးပြောင်းသင်ယူကြပြီး ငါးနှစ်တာကာလ အတွင်း ကျောင်းသားကျောင်းသူ ၉၈ ဦး တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ကြသည်။ (၂၀၁၆ ခုနှစ် တွင် ၁ ဦး ၊ ၂၀၁၇ ခုနှစ်တွင် ၄ ဦး ၊ ၂၀၁၈ ခုနှစ်တွင် ၂၀ ဦး ၊ ၂၀၁၉ ခုနှစ်တွင် ၃၈ ဦး ၊ ၂၀၂၀ ပြည့်နှစ်တွင် ၃၅ ဦး ဖြစ်ပါသည်)။ မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြုပင်မဌာနအနေဖြင့် အဆိုပါကလေးများ တက္ကသိုလ်ပညာ ဆက်လက်သင်ယူနိုင်ရန်အတွက် ကူညီပံ့ပိုးပေးလျက်ရှိပါသည်။

ရည်ရွယ်ချက်

  • အကြောင်း အမျိုးမျိုးကြောင့် ကျောင်းလုံးဝ မနေခဲ့ဖူးသေးသူ၊ ကျောင်းနေ ခဲ့သော်လည်း မူလတန်းပညာ မပြီးဆုံးမီ ကျောင်းစောထွက်ခဲ့သူ၊ အသက်(၁၀)နှစ်မှ (၁၄)နှစ် သက်ငယ် အုပ်စုကလေးများကို ဒုတိယအကြိမ် ပညာရေးအခွင့်အလမ်း ထပ်မံဖြည့်ဆည်းပေးရန်
  • အဆိုပါကလေးများအား အခြေခံပညာ အလယ်တန်းဆင့်နှင့် အထက်တန်းဆင့်သို့ ဆက်လက် သင်ယူခွင့်ရရှိစေရန် ရည်ရွယ်သည်။

✓သင်ယူသူများ

  • မိသားစုနှင့် မိမိကိုယ်တိုင်ဘဝကို ခက်ခဲပင်ပန်းစွာ ရင်ဆိုင်ဖြေရှင်း ရုန်းကန်နေရသူများ
  • ကျောင်းပညာရေး သင်ယူခွင့် လုံးဝမရသေးသူများ
  • မူလတန်းပညာရေး ပြီးဆုံးအောင် မသင်ယူလိုက်နိုင်သူများ
  • ကျောင်းနေချင်သော်လည်း ကျောင်းတက်ချိန်မှာ အကြောင်းကြောင်းကြောင့် ကျောင်းမတက် နိုင်သူများ
  • ကလေးများလာဖို့ အဆင်အပြေဆုံးအချိန်
  • ကလေးများလာဖို့ အဆင်အပြေဆုံးနေရာ