မြန်မာနိုင်ငံစာတတ်မြောက်ရေးအထောက်အကူပြုပင်မဌာန

မြန်မာနိုင်ငံစာတတ်မြောက်ရေးအထောက်အကူပြုပင်မဌာန(MLRC)ကို ၂၀၀၀ ပြည့်နှစ်၊ မတ်လတွင် စတင် တည်ထောင်ခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်တွင်းသင်းဖွဲ့မှတ်ပုံတင်ရေးအဖွဲ့၏ တရားဝင်အသိအမှတ် ပြု မှတ်ပုံတင်အမှတ်မှာ ၁/ပြည်တွင်း/၁၂၉၁ ဖြစ်သည်။

သမိုင်းနောက်ခံ

မြန်မာနိုင်ငံတွင် ကျောင်းပညာရေးနှင့်ပတ်သက်၍ အခြေခံပညာဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီး ဌာန၊ ဆေးပညာဦးစီးဌာန၊ စက်မှုသက်မွေးပညာဦးစီးဌာန အစရှိသည့်ဌာနများက တာဝန်ယူဆောင်ရွက်နေ ကြသည်။ ထို့အပြင် စာမတတ်သူများအတွက် စာတတ်မြောက်ရေးလုပ်ငန်းကို ၁၉၆၀ ပြည့်လွန်နှစ်များက စတင်၍ မြန်မာနိုင်ငံပညာရေးသုတေသနအဖွဲ့(ဦးစီးဌာန)၊ (ယခု ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာန)က အစဉ်အဆက် ဆောင်ရွက်လာခဲ့သည်။

၁၉၉၀ ပြည့်နှစ်တွင် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ယူနက်စကိုရုံးက ကျောင်းပြင်ပပညာရေးကို မြန်မာနိုင်ငံတွင် မိတ်ဆက်ဖော်ဆောင်လာခဲ့သည်။ ထိုအချိန်က ပညာရေးဝန်ကြီးဌာနတွင် ကျောင်းပြင်ပပညာ ရေး လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်သည့် ဦးစီးဌာနမရှိသေးပေ။ သို့ဖြစ်၍ ပညာရေးဝန်ကြီးဌာနက ယခင် စာတတ်မြောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့် အစဉ်အလာရှိသော မြန်မာနိုင်ငံပညာရေး သုတေသနအဖွဲ့(Myanmar Education Research Bureau – MERB)ကို ကျောင်းပြင်ပပညာရေး(Non–formal Education -NFE)ပင်မဌာန(Focal Institution) အဖြစ်သတ်မှတ်ပေးခဲ့သည်။

၂၀၁၆ ခုနှစ်တွင် “ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန”  (Department of Alternative Education – DAE)အသစ်ပေါ်ပေါက်လာပြီး ယခုအခါ ကျောင်းပြင်ပပညာရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

MERB သည် ကျောင်းပြင်ပပညာရေးလုပ်ငန်းများကို အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ယူနက်စကိုရုံး နှင့် ပူးပေါင်း၍ ၁၉၉၀ ပြည့်လွန်နှစ်များအထိ ဆောင်ရွက်ခဲ့သည်။

ထိုစဉ်က The Asia/Pacific Cultural Centre for UNESCO – ACCU သည် အာရှနှင့် ပစိဖိတ်ဒေသတွင် စာတတ်မြောက်ရေးအထောက်အကူပြု ပင်မ ဌာန (Literacy Resource centre – LRC) များကို ကြိုးပမ်း တည်ထောင်နေသည့် ကာလဖြစ်သဖြင့်  LRC  မရှိ သေးသည့် မြန်မာနိုင်ငံတွင် LRC ဖွင့်လှစ်နိုင်ရန် အစပျိုးဆွေးနွေးခဲ့သည်။

၁၉၉၉ ခုနှစ်တွင် မြန်မာနိုင်ငံသည် စာတတ်မြောက်ရေးလုပ်ငန်းများကို အောင်မြင်အောင် စွမ်း ဆောင်နိုင်ခဲ့သည်ကို သိရှိသည့်အတွက် ACCU က LRC ထူထောင်ပေးရန် သဘောတူ အတည်ပြုကြောင်း ပြောကြားခဲ့သည်။

ACCU အနေဖြင့် အာရှနှင့် ပစိဖိတ်ဒေသများတွင် LRC များ ဖွင့်လှစ်ခဲ့သော နိုင်ငံများတွင် အစိုးရ အဖွဲ့နှင့် ဆောင်ရွက်ခဲ့ခြင်းမဟုတ်ဘဲ အစိုးရမဟုတ်သောအဖွဲ့အစည်း(Non-Government Organization – NGO)များနှင့်သာ ချိတ်ဆက်ဖွဲ့စည်း ဆောင်ရွက်ခဲ့ခြင်းဖြစ်၍ မြန်မာနိုင်ငံတွင်လည်း ပညာရေး NGO ဖွဲ့ရန် လိုအပ်သည်။ ထို့ကြောင့် ပညာရေးဝန်ကြီးဌာနသို့ MERB က တင်ပြခဲ့သည်။ ပညာရေးဝန်ကြီးဌာနက ခွင့်ပြု ခဲ့သဖြင့် MLRC – NGO အလုပ်အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် အလုပ်အမှုဆောင်အဖွဲ့က MLRC ၏ စည်းမျဉ်းများကို ရေးဆွဲခဲ့သည်။ မြန်မာနိုင်ငံပညာရေးကော်မတီဥက္ကဋ္ဌနှင့် ပြည်ထဲရေးဝန်ကြီးတို့၏ လမ်းညွှန်ချက်အရ MLRC ကို NGO အဖြစ် တရားဝင်ရပ်တည်နိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာန၊ အသင်းအဖွဲ့များဖွဲ့စည်းခွင့်ပြုရေးနှင့် ကြီးကြပ်ရေးဗဟိုအဖွဲ့သို့ လျှောက်ထားခဲ့ရာ ၂၀၀၀ ပြည့်နှစ် ဇူလိုင်လ (၂၄) ရက်နေ့စွဲပါ ဖွဲ့စည်းခွင့်ပြု လက်မှတ်အမှတ်(၁၈၂၀) ကိုရရှိခဲ့သည်။(ထပ်မံသက်တမ်းတိုး မှတ်ပုံတင်အမှတ် ၁/ပြည်တွင်း/၁၂၉၁)

MLRC အဆောက်အအုံ ဆောက်လုပ်ရန်ဂျပန်နိုင်ငံအစိုးရက “Japanese Grant Assistance For Grass Roots Projects”  မှ အမေရိကန် ဒေါ်လာ (၇၁၆၃၂) ပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံပညာရေးကော်မတီ၏ လမ်းညွှန်ချက်အရ ပညာရေးဝန်ကြီးဌာနက ကျပ် ၁၄.၅ သန်း တန်ဖိုးရှိသော MERB ရုံးဝင်းအတွင်းရှိ မြေနေရာနှင့် ပရိဘောဂများကို ထည့်ဝင်လှူဒါန်းခဲ့သည်။ အဆိုပါ လှူဒါန်းငွေအရပ်ရပ်ဖြင့် MERB ရုံးဝင်းအတွင်းရှိ ၅၀ x ၇၀ ဧရိယာအကျယ်အဝန်းပေါ်တွင် MLRC အဆောက်အအုံကို ဆောက်လုပ်ခဲ့သည်။

မြန်မာနိုင်ငံ စာတတ်မြောက်ရေးနှင့် စဉ်ဆက်ပညာရေးလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ၂၀၀၀ ပြည့်နှစ်၊ ဧပြီ (၂၁) ရက်နေ့နံနက်တွင် MLRC အဆောက် အအုံရှေ့ မြက်ခင်းပြင်၌ ဖွင့်ပွဲကျင်းပပြုလုပ်ခဲ့သည်။

ရည်မှန်းချက်

မြန်မာနိုင်ငံတွင် ထာဝရသင်ယူမှုလူ့အဖွဲ့အစည်း ဖြစ်ပေါ်လာရေးအတွက် ကျောင်းပြင်ပပညာရေး ဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်ဖြစ်သည်။

ရည်ရွယ်ချက်

(က)  အခြေခံစာတတ်မြောက်ရေးနှင့် စဉ်ဆက်ပညာရေး လုပ်ငန်းများကို အထောက်အကူပြု သော ပင်မရင်းမြစ်ဌာနအဖြစ် ဆောင်ရွက်ရန်၊

(ခ)    ကျောင်းပြင်ပပညာရေး၏ တန်းညှိအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်၊

(ဂ)    ကျောင်းပြင်ပပညာရေး အစီအစဉ်အမျိုးမျိုးအတွက် ဗဟိုသင်တန်းဌာနအဖြစ် ဆောင်ရွက် ရန်၊

(ဃ) ကျောင်းပြင်ပပညာရေးဆိုင်ရာ လုပ်ငန်းဌာနအဖွဲ့များနှင့် ကွန်ရက်ဆက်သွယ်မှုကို မြှင့်တင်    ရန်၊

အဓိကလုပ်ငန်းစဉ် သုံးရပ်

(က)  စာတတ်မြောက်ရေးနှင့် စဉ်ဆက်ပညာရေး ( Continuing Education) အတွက် အထောက် အကူပြုသင်ယူရေးပစ္စည်း (ဗီဒီယိုများအပါအဝင်) ထုတ်လုပ်ခြင်း ( Material Production )

(ခ)    ကျောင်းပြင်ပပညာရေးဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များအား ပြည်တွင်းပြည်ပ လုပ်ငန်း သင်တန်းများ တက်ရောက်စေခြင်းဖြင့် လုပ်ငန်းဆောင်ရွက်နိုင်စွမ်း(Capacity Building )ကို တိုးတက်စေခြင်း၊

(ဂ)    နည်းပညာသစ်များကို အသုံးချနိုင်ရန် ပြည်တွင်းပြည်ပရှိ အခြားကျောင်းပြင်ပပညာရေးဌာန (အဖွဲ့)များနှင့် ကွန်ရက်ဆက်သွယ်ရေးစနစ်ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း (National and International Networking)

လုပ်ငန်းနှင့်ဝန်ဆောင်မှုများ

MLRC သည် ကျောင်းပြင်ပပညာရေးကဏ္ဍတွင် ပါဝင်သည့် စဉ်ဆက်ပညာရေးအစီအစဉ်ကို ရေရှည်ဆောင်ရွက်ရန် မဆုတ်မနစ်သောဇွဲဖြင့် ဆောင်ရွက်လျက်ရှိရာ ကျောင်းပြင်ပရောက် ကလေးများ အတွက် အခြေခံပညာမူလတန်းဆင့်နှင့် အလယ်တန်းဆင့် စီမံချက်များ၊ လုပ်ငန်းအကျိုးပြု ကျောင်းပြင်ပ ပညာရေးအစီအစဉ်များနှင့်  လူမှုရေးနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ အကောင်အထည်ဖော်ရန် အလွန်သင့်တော်သည့် နေရာဖြစ်ပါသည်။ သင်ယူသူတို့၏ လိုအပ်ချက်နှင့် ကိုက်ညီသော စာတတ်မြောက်ရေး အထောက်အကူပြု ပစ္စည်းများကိုလည်း  MLRC က ဆန်းသစ်တီထွင် ထုတ်လုပ်ပြီး ဖြစ်ပါသည်။

MLRC သည် ကျောင်းပြင်ပပညာရေးဝန်ထမ်းများအား ကျွမ်းကျင်မှုတိုးတက်ရေးသင်တန်းများနှင့် မွမ်းမံသင်တန်းများ ပေးခြင်း၊ မိတ်ဖက်အဖွဲ့အစည်းများအား နည်းပညာပံ့ပိုးခြင်းတို့ကိုလည်း ဆောင်ရွက် လျက်ရှိပါသည်။ ထို့အပြင် ကျောင်းပြင်ပပညာရေးနယ်ပယ်တွင် ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများအား ကျောင်းပြင်ပပညာရေး မဟာဗျူဟာများ၊ သင်ရိုးညွှန်းတမ်း၊ သင်ယူမှုပုံစံ ဖွဲ့စည်းတည်ဆောက်မှု၊ ခရက်ဒစ် အကဲဖြတ်စနစ်တို့နှင့် ပတ်သက်သော နည်းပညာအချက်အလက်များ ပံ့ပိုးခြင်း၊ ဖလှယ်ခြင်းများ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ MLRC က ဆောင်ရွက်နေသော ကျောင်းပြင်ပပညာရေးစီမံချက်များ အောင်မြင်ရခြင်းမှာ ပြုလွယ် ပြင်လွယ်သော ဗျူဟာအခင်းအကျင်းများနှင့် အားလုံးအကျုံးဝင်စေသော ချဉ်းကပ်နည်းအသုံးပြုခြင်း၊ ဒေသ နှင့်ဆိုင်သော ကျွမ်းကျင်မှုများ ဖွံ့ဖြိုးရန်နှင့် ရပ်ရွာလူထု ပါဝင်ဆောင်ရွက်ရန် အလေးထားဆောင်ရွက်ခြင်း၊ ပညာရေးဝန်ကြီးဌာန၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် စေတနာရှင်တို့၏ ပံ့ပိုးမှုအားကောင်းခြင်းနှင့် MLRC ဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုများကြောင့် ဖြစ်ပါသည်။