သုံးသပ်မှု

ကျောင်းပြင်ပ မူလတန်းပညာရေး၏ စွမ်းရည်

  • ကျောင်းပြင်ပမူလတန်းပညာရေးအစီအစဉ်သည် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းလုံး ဝမနေဖူးသူ၊ ကျောင်းနေခဲ့ သော်လည်း မူလတန်းပညာမပြီးဆုံးမီ ကျောင်းစောထွက်ခဲ့သူ၊ အသက်(၁၀)နှစ် မှ (၁၄)နှစ် သက်ငယ်အုပ်စု ကလေးများကို ဒုတိယအ ကြိမ် ပညာသင်ယူခွင့်ရ အောင် ဆောင်ရွက်ပေးသော ဒုတိယအခွင့်အလမ်း ပညာရေး (Second Chance Education) ဖြစ်သည်။
  • ပညာသင်နှစ် (၂)နှစ်အတွင်း အခြေခံပညာ မူလတန်းဆင့်ပြီးမြောက်ပြီး အခြေခံပညာ အလယ်တန်းဆင့်ကို တက်ရောက် နိုင်သော တန်းညှိပညာရေး အစီအစဉ် (Equivalency Programme) ဖြစ်သည်။
  • ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံက ကမ္ဘာ့ လူအခွင့်အရေး ကြေညာ စာတမ်းကို အတည်ပြုချမှတ်၍ ထုတ်ပြန်ကြေညာခဲ့သည်။ ကြေညာစာတမ်း အပိုဒ်(၂၆)တွင် “လူတိုင်းတွင်ပညာ သင်ယူခွင့်ရှိသည်၊ ပညာသင်ကြားရေးသည် အနည်းဆုံး မူလတန်းနှင့် အခြေခံအဆင့်တို့တွင် အခမဲ့ဖြစ်စေရမည်။ မူလတန်းပညာသည် မသင်မနေရဖြစ်ရမည်” ဟုဖော်ပြထားသည်။ ကျောင်းပြင်ပမူလတန်း ပညာရေးအစီအစဉ်သည် အဆိုပါကြေညာစာတမ်းကို တစ်နိုင်တစ်ပိုင် အထောက်အကူပြုနိုင်သည်။
  • ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်အပိုဒ် ၂၈(က) တွင် “မူလတန်းပညာ သင်ကြားရေးကို မသင်မနေရဖြစ်ပြီး၊ လူတိုင်းလူတိုင်းအဖို့ အခမဲ့ ဖြစ်စေရန်” ဟုဖော်ပြထားသည် နှင့်အညီ ကလေး သူငယ်များရသင့်ရထိုက်သော အခွင့်အရေးများရရှိအောင် ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်က ကူညီပေးပါသည်။
  • မြန်မာနိုင်ငံ၏ ၁၉၉၃ ခုနှစ်ကလေးသူငယ်ဥပဒေ၊ အခန်း(၅)ကလေးသူငယ်၏ အခွင့် အရေးများ၊ အပိုဒ်၂၀(က) (၂)တွင် “ကလေးသူငယ်တိုင်းသည် နိုင်ငံတော်ကဖွင့်လှစ် ထားသောကျောင်းများတွင် အခြေခံပညာ(မူလတန်းဆင့်)ကို အခမဲ့သင်ယူနိုင်ခွင့်ရှိစေရမည်” ဟူသော အခွင့်အလမ်းကို ကလေးသူငယ်များ ရရှိအောင် ကျောင်းပြင်ပမူလတန်း ပညာရေးအစီအစဉ်က အထောက်အကူပြုပါသည်။
  • အခြေခံပညာကဏ္ဍ အမျိုးသားပညာရည် မြင့်မားရေး နှစ်ရှည်စီမံကိန်း၊ လုပ်ငန်းစဉ်(၂) တွင်ပါရှိသော “ကျောင်းနေ အရွယ်ကလေးအားလုံး မူလတန်းပညာပြီးမြောက်သည်အထိ သင်ယူနိုင်ရေး” စီမံချက်ကို အထောက်အပံ့ ပြုသည်။
  • လူတိုင်းအတွက် ပညာရေး (Education for All ) (၁၉၉၀-၂၀၀၀ ဂျွန်တီယံ) နှင့် (၂၀၀၀-၂၀၁၅ ဒါကာ) အညွှန်း ဘောင်အရ မြန်မာနိုင်ငံ၏ ရည်မှန်းချက်တစ်ရပ်ဖြစ်သည့် “၂၀၁၅ ခုနှစ်တွင် ကျောင်းနေအရွယ် ကလေးအားလုံး အခမဲ့မသင်မနေရ အရည်အသွေးကောင်းမွန်သည့် အခြေခံပညာရေးကို ပြီးဆုံးအောင် သင်ယူခွင့်ရရှိရေး” ဟူသည့် ရည်မှန်းချက်ကို အကျိုးပြူသည်။
  • ၁၉၉၈-၉၉ ပညာသင်နှစ်တွင် ပညာရေးမြှင့်တင်မှု အစီအစဉ် ပထမအဆင့် နှင့်အတူ စတင်ပေါ်ထွန်းလာသော မှတ်တမ်း တင်ထိုက်သည့်တီထွင်ဆန်းသစ်မှုတစ်ရပ် (A Noteworthy Innovation) ဖြစ်သည်။
  • အကြောင်းအမျိုးမျိုးကြောင့် ပညာမသင်ယူနိုင်သော ကလေးများကို ပညာသင်ယူခွင့်ရအောင် ဖန်တီးပေးသော အစီအစဉ် ဖြစ်သဖြင့် လူတိုင်းအကျုံးဝင်ပညာရေး (Inclusive Education) လည်းဖြစ်ပါသည်။
  • ကျောင်းပြင်ပ မူလတန်းပညာရေး စာသင်ခန်းများတွင် ကိုယ်စိတ်ချို့တဲ့သော ကလေးများကိုပါ တက်ရောက်သင်ယူခွင့် ပြုထားသဖြင့် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာခုျပ် အပိုဒ်(၂၄) “ပညာရေးကဏ္ဍတွင် မသန်စွမ်းသူများ၊ ပင်မစာသင်ကျောင်းများကို တက်ရောက် ပညာသင်ကြားခွင့်ရှိရမည်” ဟူသောသတ်မှတ်ချက်ကို အထောက်အကူြုပုလျက်ရှိသည်။
  • ၂၀၀၂ ခုနှစ်မေလတွင် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံက ထောက်ခံသော ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး (Millennium Development Goal -MDG) ကြေညာချက် တွင်ပါရှိသည့်” မူလတန်းပညာကို အားလုံး သင်ယူခွင့်ရရှိရေး” ဟူသည့်ရည်မှန်းချက်ကို လည်းကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်က ပါဝင်ပံ့ပိုးလျက် ရှိသည်။
  • ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၃၆၆)တွင် “နိုင်ငံသားတိုင်းသည် နိုင်ငံတော် ကချမှတ်ထားသော ပညာရေးဆိုင်ရာ မူဝါဒများနှင့်အညီ ဥပဒေဖြင့်ပြဋ္ဌာန်းသည့် မသင်မနေရအခြေခံပညာများကိုသင်ကြားရမည်” ဟုပြဋ္ဌာန်းထားရာ ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်က အဆိုပါပြဋ္ဌာန်းချက်ကို တတ်အားသမျှ အထောက် အကူြုပုလျက် ရှိပါသည်။
  • ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်သည် ပညာရေးနှင့် အလှမ်းဝေးသော ကလေးများကို ပညာရေးလက်လှမ်း မီအောင် ဆောင်ရွက်ပေးသည့် ( Reaching the unreached ) အစီအစဉ်ဖြစ်သည်။
  • မူလတန်းဆင့် မပြီးဆုံးမီကျောင်းထွက်စောသော ကလေးများကို ရနိုင်သလောက် ကောက်သင်းကောက်၍ ကယ်တင်ပေးသည့် ကောက်သင်းကောက်ပညာရေး အစီအစဉ်ဖြစ်သည်။
  • အသက် (၁၅)နှစ်ရောက်၍ အရေးအဖတ်မတတ်လျှင် စာမတတ်သူစာရင်းတွင် ပါဝင်သွားနိုင်သည့် ကလေးများကို ကြိုတင်၍ အသက်(၁၀-၁၄) အတွင်း မူလတန်းဆင့် ပြီးမြောက်အောင်ဆောင်ရွက်ပေးသဖြင့် နိုင်ငံတကာ စာတတ်မြောက်ရေး အစီအစဉ်ကိုလည်း ကူညီပံ့ပိုးပေးသည်။
  • မိသားစုနှင့် မိမိကိုယ်တိုင် ဘဝကို ခက်ခဲပင်ပန်းစွာ ရုန်းကန်နေကြရသော ကလေးများ၊ မိမိကိုယ်ကို နာကြည်းနေကြ သောကလေးများသည် ဆရာ၊ ဆရာမ များ၏စေတနာနှင့် မေတ္တာကို မခံယူကြရလျှင် နောင်တစ်ချိန်တွင် အမျိုးသားလုံခြုံရေး (National Security) ကိုပါ ထိခိုက်စေနိုင်သော လူငယ်များဖြစ်ပေါ် လာနိုင်ပါသည်။ ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်သည် အဆိုပါကလေးများကို လက်ခံသင်ကြားပေးနေသောကြောင့် ယဉ်ကျေးလိမ္မာ သော ကလေးများဖြစ်လာပြီး အမျိုးသားလုံခြုံရေးအတွက် အထောက်အပံ့ကောင်းများ ရရှိနိုင်ပါသည်။
  • ဆင်းရဲမှုလျှော့ချရေး အစီအစဉ်ရေရှည်အောင်မြင်စေရန်အတွက် နိုင်ငံသားတိုင်း ပညာတတ်၍ စဉ်းစားတွေးခေါ်နိုင်သည့် ဆင်ခြင်တုံတရားရှိရန် လိုအပ်သည်။ ဆင်းရဲ၍ ပညာမတတ်၊ ပညာမတတ်၍ ဆင်းရဲရသောအဆိုး သံသရာမ လည်ရအောင် ကျောင်းပြင်ပ မူလတန်းပညာရေးအစီအစဉ်က နည်းလမ်းတစ်သွယ်အနေဖြင့် ကယ်တင်ပေးပါသည်။
  • ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (မြန်မာ)မှ ပညာရေးတာဝန်ခံအရာရှိ Ms.Niki Abrishamian က အာရှနှင့် ပစိဖိတ်ဒေသတွင် ဆောင်ရွက်နေသော Project များတွင် ကျောင်းပြင်ပမူလတန်းပညာရေး စီမံချက်သည် အအောင်မြင်ဆုံး Project တစ်ခု ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။
  • နိုင်ငံတကာကျောင်းပြင်ပ ပညာရေးအကြံပေးပုဂ္ဂိုလ် Dr.Tamo Chattopadhy က မြန်မာနိုင်ငံ၏ကျောင်းပြင်ပ မူလတန်းပညာရေးအစီအစဉ်ကို အချိန်ယူလေ့လာပြီးနောက် ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်သည် အလွန် ထူးခြားသောအစီအစဉ် (Unique) ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။
  • အမှန်စင်စစ်ကျောင်းပြင်ပ မူလတန်းပညာရေးအစီအစဉ်သည် လူငယ်များအတွက် စွမ်းရည်ထက်သော တီထွင်ဆန်းသစ်မှု တစ်ခုဖြစ်ကြောင်း မှတ်တမ်းတင်ရမည်ဖြစ်ပါသည်။